ကချင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ မြောက်ဘက်ခြမ်းနယ်နမိတ်တွင်တည်ရှိပြီး မြန်မာ နိုင်ငံ၏ အဓိက အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့နယ်၊ တန်ဖဲရွာအနီး မေခမြစ်နှင့် မလိခမြစ်တို့ပေါင်းဆုံရာမှ စီးဆင်းလာပါသည်။ ကချင် ပြည်နယ်သည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တို့အကြားတွင် တည်ရှိပါသည်။ သဘာဝသယံဇာတ အရင်းအမြစ်များ ပေါကြွယ်ဝပြီး သာယာလှပသည့် ရေမြေ တောတောင်များကို ပိုင်ဆိုင်ထားသည့် ပြည်နယ်တစ်ခု ဖြစ်သည့်အပြင် ပထဝီအနေအထားအရ စီးပွားရေးအချက်အချာ ကျသောနေရာတွင် တည်ရှိနေပါသည်။ ကချင်ပြည်နယ်သည် ဧရိယာစတုရန်းမိုင် ၃၄၃၇၉.၂၂ အကျယ်အဝန်းနှင့် ခန့်မှန်းလူဦးရေ ၂ သန်းခန့်ရှိပြီး ကချင်၊ ရှမ်း၊ ဗမာ လူမျိုးများ အများဆုံး နေထိုင်သည်။
ကချင်ပြည်နယ်သည် မြန်မာနိုင်ငံတွင်သာမက အရှေ့တောင်အာရှတွင် ရေခဲတောင်များ ရှိသည့် တစ်ခုတည်းသော ဒေသလည်းဖြစ်ပါသည်။ သဘာဝသယံဇာတများ၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသည့် ဒေသတစ်ခုဖြစ်ပြီး ကျောက်စိမ်း၊ ရွှေနှင့် မြေရှားသတ္တုကဲ့သို့ ရှားပါးတွင်းထွက် ပစ္စည်းများ ထွက်ရှိရာဒေသလည်းဖြစ်ပါသည်။ ထို့ပြင် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများလည်းရှိသဖြင့် ဖွံ့ဖြိုးတိုးတက်မှုအလားအလာကောင်းများရှိသော ပြည်နယ်တစ်ခုဖြစ် ပါသည်။ ကချင်ပြည်နယ်၏ အဓိကစီးပွားရေးလုပ်ငန်းများမှာ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်း၊ ခရီးသွားလာရေးလုပ်ငန်း၊ ကုန်သွယ်ရေးနှင့်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း၊ သတ္တုနှင့် တွင်းထွက် ပစ္စည်းလုပ်ငန်း၊ ကချင်ရိုးရာချည်ထည်လုပ်ငန်းတို့ ဖြစ်ပါသည်။ ကချင်ပြည်နယ်ကို ခရိုင် ၆ ခု၊ မြို့နယ် ၁၈ ခုဖြင့် ဖွဲ့စည်းထားပြီး မြို့တော်မှာ မြစ်ကြီးနားမြို့ ဖြစ်ပါသည်။
